ဦးဇင်ဝိုင်း ရေးတဲ့ “မင်းမော်ကွန်း ဖတ်ဖို့ ဒုတိယအကြိမ် ရေးတဲ့စာ…”
|မင်းမော်ကွန်း ဖတ်ဖို့
ဒုတိယအကြိမ်ရေးတဲ့စာ…
သားရေ… လွန်ခဲ့တဲ့နှစ်ဆယ့်ရှစ်နှစ်
မင်းသရုပ်ဆောင်ဘဝအစမှာ
“မင်းမော်ကွန်းဖတ်ဖို့စာ”ဆိုတဲ့
စာစုလေးတပုဒ် မဂ္ဂဇင်းတခုမှာ
အဖေရေးခဲ့ဘူးတယ်။
အလုပ်ကိုလေးစားဖို့
အချိန်ကိုလေးစားဖို့
ငွေမမက်ဖို့
အဓိက ကတော့
လူပီသဖို့ပေါ့။
အဲ့ဒီစာစုလေးရဲ့အဆုံးသတ်မှာ
“သားကိုအဖေမော့ကြည့်ပါရစေ”
ဆိုတဲ့စကားတခွန်းနဲ့မင်းကိုမှာခဲ့ဖူးရဲ့။
သားတစ်ယောက်ကို
ကိုယ့်ထက်မြင့်မားအောင်မြင်စေချင်တဲ့
ဖခင်တယောက်ရဲ့ဆန္ဒပေါ့။
ခု…သားကိုအဖေမော့ကြည့်နေရပီသား
အဖေ့ထက်ပိုတော်တဲ့
အဖေ့ထက်ပိုကိုယ်ကျိုးစွန့်နိုင်တဲ့
အဖေ့ထက်ပိုပေးဆပ်နိုင်တဲ့
အဖေ့ထက်ပိုမြင့်မားတဲ့
သားတယောက်အဖြစ်နဲ့ပေါ့။
ရင်ထဲမှကျေနပ်လိုက်တာသားရေ
မင်းလျှောက်နေတဲ့
ယုံကြည်ရာခရီးလမ်း
အဆုံးတိုင်ဖြောင့်တန်းပါစေ။