လူငယ်တွေ အတွက် နောက်ဆုံး ခေါင်းလောင်းသံ
|အကြမ်းဖက်စစ်တပ်က သူ့လူတွေ သူအဖမ်း ပြလိုက်တာဟာ စစ်မှုထမ်းဖို့ အသက်ကန့်သတ်ချက် အကျုံးဝင်နေတဲ့ လူငယ်တွေအားလုံးအတွက် နောက်ဆုံးခေါင်းလောင်းသံပါ။
အကြမ်းဖက်စစ်တပ်ဟာ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် သူ့လူတွေကို စားပေါက်ဖွင့် ထားပေးခဲ့တာ ၁ နှစ်နီးပါးရှိခဲ့ပါပြီ။ ဒီ ၁ နှစ်နီးပါးမှာ သူ့လူတွေကလည်း မြိုးမြိုးမြက်မြက် စားသောက်ခဲ့ကြပြီးပါပြီ။ အခုချိန်ကတော့ အကြမ်းဖက်စစ်တပ်က စားပေါက်တံခါးပိတ်ပြီး လူငယ်တွေကို အမှန်တကယ် တင်းတင်းကြပ်ကြပ် ဖမ်းဆီးပွဲ စတော့မယ်ဆိုတာ အချက်ပေး လိုက်တာပါပဲ။
စားပေါက်ဖွင့်ထားတဲ့ ၁ နှစ်ဝန်းကျင် ကာလတုန်းက ငွေလောင်းနိုင်ရင် အေးဆေးဖြစ်နေကြတဲ့ လူငယ်တွေရဲ့ မိဘတွေအဖို့လည်း အခုချိန်ကစပြီး ငွေလောင်းလို့ မရနိုင်တော့ပါဘူး။ အကြမ်းဖက်စစ်တပ်ဟာ စစ်မျက်နှာတိုင်းမှာ နေ့စဥ်နဲ့အမျှ သေဆုံးနေတဲ့ သူ့လူတွေနေရာမှာ လူငယ်လူရွယ်တွေကို အတင်းအဓမ္မ အစားထိုးဖို့ အခုချိန်ကစပြီး တင်းတင်းကြပ်ကြပ် လုပ်ဆောင်တော့မှာပါ။
သူ့လူတွေကိုယ်၌ကလည်း အခုချိန်ကစပြီး ငွေဘယ်လောက် ခင်းခင်း ယူရဲကြတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ ပြည်နယ် အသီးသီးက အကြမ်းဖက်စစ်တပ်ရဲ့ ထောက်တိုင်တွေဟာ ငွေမရတော့မယ့် အတူတူ ရာထူး၊ အခွင့်အရေးတွေ ရဖို့ လူငယ်လူရွယ်တွေကို အခုချိန်ကစပြီး အတင်းအဓမ္မ စုဆောင်းကြတော့မှာပါ။ မယုံမရှိပါနဲ့။
စစ်မှုထမ်းဖို့ အသက် ကန့်သတ်ချက် အကြုံးဝင်တဲ့ လူငယ်တိုင်း ပြည်ပထွက်ခွာခွင့် ပိတ်လိုက်တဲ့ နည်းဥပဒေကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ အတည်ပြုထားပါတယ်။ အဲ့ဒီနည်းဥပဒေ အတည်ပြုပြီးကတည်းက ဒီရက်ပိုင်းတွေမှာ မိန်းကလေးတွေကိုတောင် စစ်မှုထမ်းဖို့ အတင်းအဓမ္မ စာရင်းတွေကောက်ယူနေတာ ကြားသိတွေ့မြင်နေရပါလိမ့်မယ်။ ဒီအချက်တွေကို ကြည့်ခြင်းဖြင့် အကြမ်းဖက်စစ်တပ်ဟာ လူငယ်တွေကို စစ်မှုထမ်းဖို့ စုဆောင်းတဲ့ ပရောဂျက်ကို ငွေခင်းတဲ့နည်းနဲ့ လက်မခံတော့ဘူးဆိုတာ သက်သေပြနေပါတယ်။
အကြမ်းဖက်စစ်တပ်က သူ့လူတွေ သူအဖမ်းပြလိုက်တာဟာ လူငယ်တွေအတွက် နောက်ဆုံး ခေါင်းလောင်းသံပါ။ လူငယ်တွေ အနေနဲ့ အခု လုပ်ရင်လုပ်၊ အခုမလုပ်ရင် နောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ရှိသွားပါလိမ့်မယ်။ လုပ်ဆိုတာက ဆုံးဖြတ်ချက် ချဖို့ကို ပြောတာပါ။ အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်မှာ အသက်မစတေးလိုလျှင် အခုပဲ မြန်မြန်ဆုံးဖြတ်ဖို့ အချိန်ရောက်ပါပြီ။ ဘာတွေ ဘယ်လို ဆုံးဖြတ်ရမလဲဆိုတာ ရှေ့မှာ နည်းလမ်းတွေ ပြောပြထားခဲ့ပြီးပါပြီ။
ထပ်ပြောလိုက်ပါမယ်….။ အခုချိန်ဟာ စစ်မှုထမ်းဖို့ အသက်ကန့်သတ်ချက် အကျုံးဝင်တဲ့ လူငယ်တိုင်းအတွက် နောက်ဆုံးခေါင်းလောင်းသံပါ။ အချိန်မီရုံပဲ ရှိပါတော့မယ်။ အမြန်ဆုံးဖြတ်ပြီး ရုန်းထွက်ဖို့ အချိန် ကျရောက်ပြီ ဆိုတဲ့အကြောင်း ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါရစေ…။ See less