အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်ပြီ
|စစ်မှုထမ်း အသက်အပိုင်းအခြားမှာ အကျုံးဝင်နေတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေကို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်ကစပြီး ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်စာချုပ်တွေ ချုပ်ဆိုခွင့်မပြုတော့ဘူးလို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ တချို့ဆီက သိရှိရပါတယ်။
ပြည်ပမှာအလုပ်လုပ်ဖို့အတွက် ဇန်နဝါရီ ၃၀ ရက်အထိ စာချုပ်ချုပ်ထားသူတွေကတော့ ပြည်ပထွက်ခွာခွင့်ဆက်ရနေသေးတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုက တာဝန်ရှိသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက်ကစတင်မယ့် အမျိုးသားပြည်ပထွက်ခွာအလုပ်လုပ်ခွင့်စာချုပ်သစ်တွေကို ပိတ်လိုက်တာကြောင့် အဲဒီနောက်ပိုင်း မှာ ပြည်ပအလုပ်သမားမှတ်ပုံတင်ကတ် (OWIC) ကတ်ထုတ်ပေးတာလည်း အကန့်အသတ်ရှိလာမယ်လို့ နားလည်ရပါတယ်။
“မနေ့ကဆိုရင် စစ်မှုထမ်းသက်တမ်းရှိတဲ့သူတွေကို OWIC တွေ ပိတ်တယ်ဆိုပြီး ပြန်လွှတ်လို့ ပြန်လာရတယ်။ ညကျတော့မှ ဇန်နဝါရီ ၃၀ အထိ စာချုပ်ချုပ်ထားသူတွေ ရသေးတယ်ဆိုပြီး ပြန်ပြောလာတယ်။ တချို့ ဒီနေ့မနက် သွားပြန်လုပ်ကြတယ်။ ကန့်သတ်ခံရတာတော့ အမျိုးသားတွေချည်းပါပဲ”လို့ သူက ပြောပါတယ်။
စစ်မှုထမ်းရမယ့် အရွယ်ထဲမှာရှိတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေကို အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) နဲ့ လေဆိပ်ကနေ ထွက်ခွာခွင့်ရဖို့တောင် စစ်ကောင်စီက ကန့်သတ်ထားတာတွေ ရှိနေတာပါ။ အခုဆိုရင် အစိုးရချင်း ချိတ်ဆက်ပြီး အလုပ်သမားပို့ဆောင်နေတဲ့ MOU စာချုပ်နဲ့လုပ်ကိုင်မယ့် အမျိုးသား အလုပ်သမားတွေကိုပါ ကန့်သတ်လာတဲ့အခြေအနေဖြစ်ပါတယ်။
“အလုပ်လုပ်နိုင်တဲ့ အရွယ်တွေကို ပြည်ပထွက်ခွင့်ပိတ်တော့ ဘယ်နိုင်ငံခြားကမှ အိုကြီးအိုမတွေကို အလုပ်မခန့်ဘူးလေ။စာချုပ်ဆက်ချုပ်မှာတွေလည်း အကုန်လုံးရပ်လိုက်ရတယ်၊ ပြန်လျော်ရမှာတော့လည်း ရှိသေးတယ်”လို့လည်း အေဂျင်စီတာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
စစ်ကောင်စီရဲ့ အခွန်တွေအများစုက ပြည်ပရောက် အလုပ်သမားတွေဆီကနေ ရရှိနေတာဖြစ်ပြီး အခုလို ကန့်သတ်လိုက်တာဟာ သူတို့ရဲ့ အခွန်ငွေတွေကို သူတို့ကိုယ်တိုင် ဖြတ်တောက်လိုက်သလို ဖြစ်သွားမယ်လို့လည်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
စစ်မှုထမ်းအကျုံးဝင် အသက်အရွယ်အမျိုးသားတွေကို ဇန်နဝါရီ ၃၁ ရက်ကစပြီး ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်ကန့်သတ်လိုက်ပြီဆိုတဲ့ပြောဆိုချက်တွေနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
Credit: BBC Burmese