နေပြည်တော်မှာလည်း အလှည့်ကျမီးဖြတ်မယ့် စနစ် စပြီ
|ပုံမှန်အားဖြင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိခဲ့သည့် ဝန်ထမ်းအိမ်ရာများနှင့် ရပ်ကွက်များအပါအဝင် နေပြည်တော်ရှိ မြို့နယ်များတွင်လည်း အလှည့်ကျ မီးဖြတ်မှုစနစ် ယနေ့ (ဇန်နဝါရီလ ၆ ရက်) တွင် စတင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးအချို့က ယမန်နေ့တွင် အသိပေးသည်။ စစ်ကောင်စီက ဝန်ထမ်းအိမ်ရာများကို တနေ့လျှင် တကြိမ် ၆ နာရီခွဲကြာ လျှပ်စစ်မီး ဖြတ်တောက်မည်ဖြစ်ပြီး ကျန်ရပ်ကွက်များအား တနေ့လျှင် နှစ်ကြိမ် တကြိမ်ကို ၄ နာရီခွဲစီဖြင့် စုစုပေါင်း ကိုး နာရီကြာ မီးဖြတ်တောက်မည်ဖြစ်သည်။
ဇမ္မူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာများဖြစ်သည့် ကံ့ကော်၊ ခရေ၊ တိုက် တထောင်မှ ငါးထောင်အထိ၊ အငြိမ်းစား နှင့် ပိတောက် ဖီဒါလိုင်းများအား နံနက် ၁၀ နာရီခွဲမှ ညနေ ၅ နာရီအထိ ၊ ရပ်ကွက်များ ဖြစ်သည့် သာယာကုန်း၊ သပြေကုန်း ၊ ရွှေကြာပင်ကွက်သစ် ဖီဒါလိုင်းများအား နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၂ နာရီအထိ တကြိမ်၊ ညနေ ၄ နာရီခွဲမှ ည ၉ နာရီအထိ တကြိမ်နှင့် မြို့မဈေးဖီဒါလိုင်းအား နံနက် ၅ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိတကြိမ် စသည်ဖြင့် မီးဖြတ်တောက်မည်ဖြစ်ကြောင်း အဆိုပါမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက ကြေညာထားသည်။
အလားတူပင် ပျဉ်းမနားလျှပ်စစ်ရုံး (Ese Pyinmana) ကလည်း ရပ်ကွက်များကို အုပ်စု အေ၊ ဘီခွဲပြီး တနေ့လျှင် နှစ်ကြိမ် မီးပျက်မည့်အစီအစဉ်များကို အသိပေးထားသည်။ ပျဉ်းမနားမြို့နယ်၏ မီးပျက်သည့် အစီအစဉ်မှာ ယမန်နေ့(ဇန်နဝါရီ ၅) က စတင်သည်။ “မီးလာသည့် အချိန်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများ အရေးကြီးသည့် ဦးစားပေးဆောင်ရွက်ရမည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား အလှည့်ကျ အသုံးပြုပေးပါရန်၊ ထိုကဲ့သို့ မဟုတ်ဘဲ အိမ်တိုင်းတွင် ရှိသမျှ လျှပ်စစ်ဓာတ်အားသုံး ပစ္စည်းများအားလုံး ပြိုင်သုံးလျှင် သုံးစွဲတဲ့ ဝန်အားကို မနိုင်တဲ့အတွက် ခွဲရုံ၊ ရပ်ကွက်အတွင်းရှိ ထရန်စဖော် Breaker များ over load ဖြင့်ကျပြီး မီးပြန်ပျက်ပါမယ်” ဟု Ese Pyinmana က ဆိုထားသည်။
နေပြည်တော်ရှိ ကျန်မြို့နယ်များ၏ လျှပ်စစ်မီးပြတ်တောက်မှု အချိန်ဇယားများအား မသိရသေးပေ။ “မီတာဘေကျတော့ တပြားမှ အလျှော့မခံဘူး၊ ပိုတောင်ကောက်လိုက်သေးတယ်၊ မီးကျ မှန်အောင်မပေးနိုင်ဘူး၊ ဒါတောင် နွေရာသီမရောက်သေးဘူး” ဟု Ese Pyinmana ၏ ကြေညာချက်အောက်တွင် လူငယ်တဦးက မှတ်ချက်ပေးထားသည်ကို တွေ့ရသည်။ ဥတ္တရသီရိမြို့နယ်တွင် နေထိုင်သူတဦးက ”မထုတ်သာ မထုတ်ပြန်တာ မနေ့က နေ့ခင်းက ပြတ်လိုက်တာဆိုတာ ညနေငါးနာရီလောက်မှလာတယ်။ ဒီမနက် လေးနာရီ ပြတ်လိုက်တာဆိုတာ ဒီမနက် ရှစ်နာရီကျော်မှာလာတယ်” ဟု မဇ္ဈိမကို ပြောသည်။
စီးပွားရေးမြို့တော် ရန်ကုန်တွင်လည်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနေပြီး ယခင်က တရက်လျှင် လေးနာရီ မီးလာပြီး လေးနာရီ မီးပြတ်သည့် စနစ်ဆောင်ရွက်နေရာမှ ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့မှစတင်ကာ အုပ်စုသုံးခုခွဲပြီး တနေ့လျှင် အုပ်စုတခုကို လေးနာရီ မီးလာပြီး ရှစ်နာရီ မီးပြတ်မည်ဖြစ်ကြောင်း သိရသည်။ “သူကလေ အချိန်မမှန်ဘူး။ လာချင်တော့လည်း လာတာပဲ။ ပြတ်ချင်တော့လည်း ပြတ်လိုက်တာပဲ။ အဲ့ဒီလိုမျိုး မနေ့တုန်းကဆိုပိုဆိုး၊ လာလိုက်ပျက်လိုက် ငါးမိနစ်တောင် မကြာဘူး”ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။ အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်းလျှပ်စစ်ဓာတ်အား လုံလောက်စွာဖြန့်ဖြူးပေးနိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီအနေဖြင့် ရန်ကုန်၊ မန္တလေးအပါအဝင် အခြားမြို့များတွင် အချိန်ပိုင်းဖြင့် လျှပ်စစ်မီးပေးမှုကို ယခင်ကတည်းက ကျင့်သုံးနေရပြီး လက်ရှိတွင် လျှပ်စစ်ဓာတ်အားပေးနိုင်မှုအခြေအနေ ပိုမိုဆိုးရွား ကျဆင်းလာခြင်းဖြစ်သည်။
Credit: Mizzima